မတ်လ ၃၁ ရက်နေ့က ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံဝင်းအတွင်း ကျင်းပ
ပြီးစီးခဲ့သော မြန်မာ့ကုန်သွယ်မှုနှင့် နိုင်ငံတကာကားပြပွဲ ၂၀၁၂ တွင်
ကားပြခန်းပေါင်း ၂၀ ခန့်ပါဝင်ပြသခဲ့ပြီး ဂျပန်မှတင်သွင်းသည့် ကားအများစု
ပါဝင်ခဲ့ကြောင်းသိရသည်။
အဆိုပါပြပွဲကို Paing Aung Trading Co.,Ltd မှစီစဉ်ခဲ့ခြင်းဖြစ်ပြီး မော်တော်ယာဉ်ရောင်းချခွင့် ရရှိထားသည့်ကုမ္ပဏီများမှ အသုံးပြုပြီးကားများ ၀င်ရောက်ပြသခဲ့ခြင်းဖြစ်ပြီး ၎င်းတို့နှင့် ဆက်စပ်လုပ်ကိုင်လျက်ရှိသည့် နိုင်ငံခြား ကုမ္ပဏီများထံမှ မြန်မာနိုင်ငံ အတွက် တရားဝင်ကိုယ်စားလှယ်ရရှိရန် ကြိုး ပမ်းလျက်ရှိကြောင်းသိရသည်။
ရန်ကုန်မြို့ကိုးမိုင်တွင် ကားအရောင်း စင်တာနှင့် ၀န်ဆောင်မှုလုပ်ငန်းလုပ် ကိုင်လျက်ရှိသည့် Oriental Apex Co Ltd (OAC) မှလည်း ပါဝင်ပြသခဲ့ပြီး ၁၉၉၈ မော်ဒယ်မှ ၂၀၀၆ မော်ဒယ် အထိ ကားအမျိုးအစားများကို တင်သွင်း ရောင်းချပေးလျက်ရှိကာ ၀ယ်လိုအား ပေါ်မူတည်၍ ၂၀၁၂ မော်ဒယ်များအထိ ပါ တင်သွင်းပေးကြောင်း ဒါရိုက်တာ ဒေါ်စုမွန်နိုင်က ပြောသည်။
၎င်းတို့ရောင်းချသည့် ဈေးနှုန်းများ အနေဖြင့် အနိမ့်ဆုံးကျပ် သိန်း ၂၅၀ ကျော် ၀န်းကျင်များဖြစ်သည့် ၂၀၀၁ ခုနှစ် မော်ဒယ် ကယ်လ်ဒီးနား၊ ၉၉ မော်ဒယ် မတ်တူး၊ ဟွန်ဒါစီအာရ်ဗီ၊ ခရောင်းတို့မှာ ဈေးအမြင့်ဆုံး ကျပ်သိန်း ၁,၀၀၀ ၀န်းကျင် ရှိကာ ၂၀၀၆ မော်ဒယ်လက် စပ်စ်၊ မာစီးဒီး များပါ ရောင်းချကြောင်း ပြောသည်။
ကားပြပွဲများသို့ ၀င်ရောက်ပြသည်မှာ ယခုအကြိမ်သည် စတုတ္ထမြောက်ဖြစ်ပြီး ပြပွဲတစ်ပွဲနှင့် တစ်ပွဲအကြားကားဈေး များ မသိမသာ ဈေးကျလာခဲ့ကြောင်း လည်း ၎င်းက ပြောသည်။
"မတ်တူးရွှေငါးကအရောင်းရဆုံးဘဲ။ နယ်ဘက်ကရော ရန်ကုန်နဲ့မန္တလေး ဘက်ကပါ လိုင်းပေါ်ကကားဆိုပြီးဝယ် ကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်း လည်း ကားအသစ်အဆန်းတွေလည်း အများကြီး သွင်းလာကြတယ်။ ဈေး သက်သာပြီး မော်ဒယ်မြင့်တဲ့ကားတွေ လည်းရလာကြတယ်" ဟု၎င်းက ပြောသည်။
"ဧပြီ ၄ ရက်မှာလည်း ကားအစီး ၁၀၀ ရောက်ဖို့ရှိတယ်။ အဲဒီထဲက ကား ၁၀ စီး ၀ယ်သူအတွက် CIF၅,၅၀၀ တန် တစ်စီး အလကား ပေးမယ်။ တစ်စီးချင်းဝယ်သူ တွေအတွက်တော့လျှော့ပေးမယ်" ဟု ဒေါ်စုမွန်နိုင်ကပြောသည်။
ရန်ကင်း၊သုခ၀တီလမ်းတွင် ကား အရောင်းစင်တာ ဖွင့်လှစ်ထားသည့် WK ကားအရောင်းစင်တာမှလည်း ယင်းပြပွဲ တွင် ဂျပန်မှ တင်သွင်းသည့် ကားများနှင့် မတ်တူး၊ လန်ခရူဇာ၊ ပရာဒိုအစရှိသည့် ကားများနှင့် ပြိုင်ကားများကိုလည်း ပြသခဲ့သည်။
"ဒီပြပွဲမှာ ပုံမှန်ယူနေကျ ၀န်ဆောင်ခ နှုန်းထက် ငါးရာခိုင်နှုန်း လျှော့ပေးထားတယ်"ဟု ၎င်းက ပြောသည်။
၎င်းပြင် ကားရောင်းချမည့်ကုမ္ပဏီ များအား နှစ်နှစ်အတွင်းတင်သွင်းမှု အစီး ရေ ၂၅၀ ထက်ပိုမိုတင်သွင်းခြင်း မပြုရန် သက်ဆိုင်ရာမှ လွန်ခဲ့သော နှစ်ပတ်ခန့်က ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်းလည်း ၎င်းက ပြောသည်။
"အရင်တုန်းက အစီးရေ ၄၀၀ လောက် အထိ တင်သွင်းခွင့်ပြုတာမျိုး တွေရှိ တယ်။ တချို့ကလည်း အစီး ၇၀၀ လောက် အထိ တင်ပို့ ခွင့်တောင်းတာတွေလည်း ရှိတယ်" ဟု ၎င်းကပြောသည်။
မော်တော်ကားဝယ်ယူလိုသူများ အနေဖြင့် ကားအရောင်းအ၀ယ်အား အရောင်းစင်တာဖွင့်ခွင့်ရရှိထားသည့် ကုမ္ပဏီများအပြင် ရန်ကုန်ရှိဟံသာဝတီ ကားပွဲစားတန်းတွင်လည်း ၀ယ်ယူ နိုင်ပြီး မိမိစိတ်ကြိုက်ဈေးဖြင့် ကြိုက်ရောင်း ကြိုက်ဝယ်သဘောမျိုးဖြင့် လွတ်လပ်စွာရောင်းဝယ်လျက်ရှိသည်။
"ကားပွဲစားတန်းမှာဝယ်တာက အာမခံ မှုအပိုင်းကျတော့ နည်းနည်းကွာတယ်။ ကားအခြေအနေပေါ်လိုက်ပြီး လိမ်တာ တို့၊ ပိုက်ဆံ လိမ်တာတို့ဆိုတဲ့ ပြဿနာ တွေ ခဏခဏကြုံရတယ်"ဟု ပြော သည်။
သို့သော် ကားပွဲစားတန်းရှိ ကားပွဲစား တစ်ဦးဖြစ်သူ ဦးသိန်းစိုးက ကားကုမ္ပဏီမှ တင်သွင်းရောင်းချသူများကလည်း ကား အကောင်း နှင့်အဆိုးများအား ရောပြီး ရောင်းချတတ်သလို ပွဲစားတန်းတွင်လည်း အလားတူဖြစ်ရပ်မျိုး ရှိတတ် ကြောင်းပြောသည်။
"အကောင်းဆုံးက ကားအကြောင်း နားလည်တတ်ကျွမ်းသူရဲ့ အကူအညီကို ယူပြီး ကားဝယ်သင့်ပါတယ်" ဟု ၎င်းက ပြောသည်။

No comments:
Post a Comment